ဂျပန်နိုင်ငံ၌ ဆန်ဈေးနှုန်းများ မြင့်တက်လျက်ရှိခြင်းကြောင့် အကောက်ခွန်ပေးဆောင်၍ တင်သွင်းရသော ပြည်ပမှ ဆန်များမှာ ယှဉ်ပြိုင်နိုင်စွမ်း မြင့်တက်ခဲ့ပြီး ပုဂ္ဂလိက ကဏ္ဍမှ ဆန် တင်သွင်းမှုမှာ ၁၀၄ ဆ မြင့်တက်ခဲ့ကြောင်း ၂၆-၁၂-၂၀၂၅ ရက်နေ့ထုတ် The Nikkei Asia သတင်းစာတွင် “Japan's private-sector imports of rice surge 104-fold on high demand” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။
အဆိုပါသတင်းတွင် ဂျပန်နိုင်ငံ၌ ဆန်ဈေးနှုန်း မြင့်မားစေရေးအတွက် ဆန်ထုတ်လုပ်မှု လျှော့ချရေးကို အားပေးသည့် စိုက်ပျိုးရေးမူဝါဒကြောင့် ပြည်ပမှ ဈေးနှုန်းသက်သာသည့် ဆန် ဝယ်လိုအားလည်း မြင့်မားခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း ဂျပန်နိုင်ငံအနေဖြင့် ဆန် ၉၂,၉၆၈ တန်ကို တင်သွင်းခဲ့ကြောင်း ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၅-၁၂-၂၀၂၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရှိရကြောင်းနှင့် ယခင်နှစ်အလားတူကာလတွင် ဂျပန်နိုင်ငံအနေဖြင့် ဆန် ၈၉၇ တန် တင်သွင်းခဲ့ကြောင်း ဖော်ပြထားပါသည်။
ဂျပန်နိုင်ငံတွင် ပုဂ္ဂလိကကဏ္ဍမှ ဆန်တင်သွင်းမှုမှာ နှစ်စဉ်ပျမ်းမျှအားဖြင့် တန်ချိန် ၆၀၀ မှ ၈၀၀ အကြားရှိကြောင်း၊ သို့သော် ၂၀၂၄ ဘဏ္ဍာနှစ်တွင် ပုဂ္ဂလိကကဏ္ဍမှ ဆန်တင်သွင်းမှုမှာ ၄ ဆနီးပါး မြင့်တက်ခဲ့ပြီး ၃,၀၁၁ တန် ရှိခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် ပုဂ္ဂလိက ကဏ္ဍမှ ဆန်တင်သွင်းမှုမှာ စံချိန်တင်မြင့်မားခဲ့ပြီး ၂၆,၃၉၇ တန် ရှိခဲ့ကြောင်းနှင့် နိုဝင်ဘာလတွင် ၂,၇၈၇ တန် ရှိခဲ့ပါသည်။
ဂျပန်အစိုးရအနေဖြင့် နှစ်စဉ် ၁ နှစ်လျှင် ဆန်တန်ချိန် ၇၇၀,၀၀၀ ကို အကောက်ခွန် ကင်းလွတ်ခွင့်ပြုသည့် Minimum Access Quota အရ တင်သွင်းခွင့်ပြုလျက်ရှိကြောင်း၊ အဆိုပါ တန်ချိန်အနက် တန်ချိန် ၁ သိန်းကို ထမင်းအဖြစ် စားသုံးနိုင်ရန် တင်သွင်းခြင်းဖြစ်ကြောင်း၊ ဂျပန်အစိုးရမှ အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်ပြုသည့် ပမာဏထက် ကျော်လွန်၍ တင်သွင်းမှုအတွက် ဆန် ၁ ကီလိုဂရမ်လျှင် ၃၄၁ ယန်းနှုန်း ကောက်ခံလျက် ရှိကြောင်း၊ ထိုသို့ ကောက်ခံရခြင်းမှာ ပြည်ပမှ တင်သွင်းလာသည့် ဆန်များနှင့်နှိုင်းယှဉ်ပါက ပြည်တွင်းဆန်များ၏ ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားစေခြင်းဖြင့် ပြည်တွင်း၌ ဆန်စပါးစိုက်ပျိုးသည့် လယ်သမားများကို အကာအကွယ်ပေးရန်ဖြစ်ကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် အမေရိကန်နိုင်ငံမှ အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းလာသည့် ဆန်ဈေးနှုန်းမှာ ၁ ကီလိုဂရမ်လျှင် ၁၄၁ ယန်းရှိကြောင်း၊ အကောက်ခွန် ပေးဆောင်၍ တင်သွင်းပါက ၁ ကီလိုဂရမ်လျှင် ၅၀၀ ယန်းအောက်ရှိမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ ဆန်ပြတ်လပ်မှုများ ဖြစ်ပွားခဲ့ပြီး၊ ဆန်ဈေးနှုန်းများ မြင့်တက်ခဲ့မှုကြောင့် ၂၀၂၅ ခုနှစ်၊ မတ်လမှ စတင်၍ ပြည်တွင်းဆန်ဈေးမှာ ၅ ကီလိုဂရမ် ၁ အိတ်လျှင် ၄,၀၀၀ ယန်းအထက် ရှိခဲ့ကြောင်းနှင့် ဂျပန်နိုင်ငံရှိ စားသောက်ဆိုင်များအနေဖြင့်လည်း ပြည်ပမှ တင်သွင်းသည့်ဆန်များကို ပိုမို၍ ဝယ်ယူလာခဲ့ကြောင်း သိရှိရပါသည်။
ဂျပန်စိုက်ပျိုးရေးသမဝါယမအနေဖြင့် ဂျပန်လယ်သမားများထံမှ ဆန်ကို ဈေးကောင်းပေး၍ ဝယ်ယူလျက်ရှိခြင်းကြောင့် ဆန်ဈေးနှုန်းမှာ ကာလတိုအတွင်း သိသိသာသာ ကျဆင်းနိုင်ခြင်း မရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ ရိတ်သိမ်းချိန်မှစ၍ နိုဝင်ဘာလအထိ ကြိတ်ခွဲရခြင်း မရှိသေးသည့် ဆန် ၆၀ ကီလိုဂရမ်၏ ဈေးနှုန်းမှာ ၃၆,၈၀၃ ယန်းရှိကြောင်းနှင့် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၅၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။
ဂျပန်နိုင်ငံအနေဖြင့် ၂၀၁၈ ခုနှစ်တွင် ဆန်ထုတ်လုပ်မှုပမာဏ သတ်မှတ်ချက်ကို ဖျက်သိမ်းခဲ့သော်လည်း အခြားသော သီးနှံများကို စိုက်ပျိုးမှုအားပေးနိုင်ရေးအတွက် အစိုးရမှ ပံ့ပိုးမှုများ ပေးအပ်ခဲ့သည့်အတွက် ပြည်တွင်းဆန်ထုတ်လုပ်မှုမှာ ကျဆင်းခဲ့ကြောင်း၊ ထို့ကြောင့် ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့်ငါးလုပ်ငန်းဝန်ကြီးဌာနအနေဖြင့် ဆန်ဝယ်လိုအားပေါ်မူတည်၍စပါးစိုက်ပျိုးထုတ်လုပ်ရန်အတွက် ဥပဒေပြဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
Source: သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့
ဝယ်လိုအားမြင့်မားလျက်ရှိခြင်းကြောင့် ဂျပန်နိုင်ငံတွင် ပုဂ္ဂလိကကဏ္ဍမှ ဆန်တင်သွင်းမှုမှာ ၁၀၄ ဆ မြင့်တက်ခဲ့
Category:
International News